Thursday, August 2, 2012

အိန္ဒိယတွင် လျှပ်စစ်ဓာတ် အားပြတ်တောက် မှုကြောင့် အစိုးရကို မီဒီယာများ ပြင်းပြင်းထန်ထန် ဝေဖန်


ဒေလီ၊ သြဂုတ် ၂
အိန္ဒိယတွင် နှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် နိုင်ငံ၏ထက်ဝက်ခန့် မှောင်အတိကျခဲ့သဖြင့် အိန္ဒိယအစိုးရသည် နိုင်ငံတကာအလယ်တွင် အရှက်ရစရာ ဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းစာများက ဝေဖန်ရေးသားခဲ့သည်။
The Economic Times သတင်းစာကလည်း “အိန္ဒိယနိုင်ငံသစ် စီမံကိန်း သစ်၏ အစွမ်း - နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း မှောင်အတိကျ” ဟူသော ခေါင်းစဉ်ဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သည့်ကိစ္စကို ဝေဖန်ပြစ်တင်ခဲ့သည်။ ယခုလျှပ်စစ်မီးပြတ်တောက်မှုကြောင့် လူ သန်း ခြောက်ရာခန့် ထိခိုက်နစ်နာခဲ့ရသဖြင့် အိန္ဒိယသည် အိုင်တီနည်းပညာနိုင်ငံတစ်ခုဖြစ်နေခြင်းဆိုသော ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ၄င်းသတင်းစာက ဖော်ပြခဲ့သည်။စွမ်းအင်ဝန်ကြီး ဆူရှီကူးမား ရှင်းအား ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ခြင်းကိ
ုလည်း The Times of India သတင်းစာက “ရမယ်ရှာမရသော ဓာတ်အားပြတ်တောက်မှု” ဟူသော ခေါင်းစဉ်ဖြင့် သရော်ရေးသားခဲ့သည်။ နိုင်ငံ၏ထက်ဝက်ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အခက်ကြုံနေရစဉ်တွင် ဝန်ကြီးနေရာ အပြောင်းအလဲလုပ်ဆောင်ခြင်းကား တိုင်တန်းနစ်သင်္ဘောသည် ရေခဲတောင်ကြီးအား တိုက်မိပြီး နစ်မြုပ်လုနီးချိန်တွင် သင်္ဘော ကတ်ပတိန် အပြောင်းအလဲလုပ်ခြင်းနှင့် တူနေကြောင်း ၄င်းသတင်းစာက ရေးသားခဲ့ပြန်သည်။ အိန္ဒိယတွင် စနစ်ကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံရေး ဇွဲစိတ်သန်သန်ဖြင့် မလုပ်ဆောင်နိုင်ပါက ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများထပ်မံဖြစ်ဦးမည်ဖြစ်ကြောင်း ၄င်းသတင်းစာက ထပ်မံဝေဖန်ခဲ့သည်။အိန္ဒိယတွင် စောင်ရေအများဆုံးထုတ်ဝေနေရသည့် ဟင်ဒီဘာသာသတင်းစာ ဒိုင်နစ် ဂျာဂရန်ကလည်း အခြားနိုင်ငံများတွင် သဘာဝဘေးများကြောင့်သာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသော်လည်း အိန္ဒိယတွင်မူ ကာလကြာရှည်နေပြီဖြစ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဆိုင
်ရာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် နိုင်ငံသားများသည် အစိုးရ၏ အမှောင်ထုတွင် နစ်မြုပ်နေရကြောင်း ရေးသားခဲ့သည်။

မြစ်ကြီးနားမှ ငလျှင်လှုပ်





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာတွင် ပြင်းအား ရစ်ချတ်တာစကေး ၄.၇ ရှိ မြေငလျင်တခု ကြာသပတေးနေ့ နံနက် ၄ နာရီ ၂၈ မိနစ်က ၁၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့သည်ဟု နေပြည်တော် မြေငလျင် တိုင်းတာရေးစခန်းမှ တာဝန်ရှိသူ တဦးက  ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မြေငလျင် ခြောက်ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး ယခု ငလျင်သည် သြဂုတ်လအတွင်း ပထမဆုံး လှုပ်ခတ်မှုလည်း ဖြစ်သည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးစခန်း အဆိုအရ မြောက်လတ္တီကျူ ၂၆ ဒီဂရီ ၀၇၂ နှင့် အရှေ့ လောင်တီကျူ ၉၆ ဒီဂရီ ၃၂၂ တို့တွင် ဗဟိုပြု၍ ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈၂ မိုင် အကွာ၊ အိန္ဒိယနိုင်ငံ၊ ခွန်ဆမြို့ အရှေ့တောင်ဘက် ၈၀ မိုင် အကွာတွင် ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

မြ၀တီရောင်စုံသတင်းစာ (၂-၈-၂၀၁၂)

ရတနာပုံနေ့စဉ်သတင်းစာ (၂-၈-၂၀၁၂)

ထုတ်ဝေခွင့် ယာ ယီ ရပ် ဆိုင်း ခဲ့သော လျှပ် တစ်ပြက် ဂျာနယ်ကို ပြန်လည် ထုတ်ဝေခွင့်ပြု


ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
" သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ်ရေးမှူး ဒုတိယ
ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ်
ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် သတင်းဂျာနယ်အား ၉၊ သြဂုတ်၊
၂၀၁၂ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြားခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်"ဟု ဦးမြတ်ခိုင်က
၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော် ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီတာချုပ် ဦး မြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ် စားပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေး မှူးက တရားစွဲဆိုခဲ့ကာ တရားစွဲဆိုမှု နှင့်အတူ ဂျာနယ် ထုတ်ဝေ ဖြန့်ချိခွင့် ကိုလည်း ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ် ပါသည်။
ဇွန်လ ၈ ရက်နေ့က နောက် ဆုံးထုတ်ဝေဖြန့်ချိခွင့် ရရှိခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိခွင့် ယာယီပိတ်ပင်မှုမှာ တစ်လ ခန့် ကြာမြင့်မည်ဟု မူလက သိရှိရသော်လည်း တစ်လပြည့်ပြီး နောက်ပိုင်းတွင်လည်း ထုတ်ဝေဖြန့်ချိခွင့်မှာ မရရှိဘဲ ရပ်ဆိုင်းခံခဲ့ရပြီးနောက် ရက်သတ္တပတ် ခုနှစ်ပတ်အကြာတွင် ပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဂျာနယ် ပြန်လည်ထုတ်ဝေခွင့် ရရှိခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့သော အမှုကိုမူ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ကာ ထိုအမှုအတွက် ငါးကြိမ်မြောက် ကြားနာမှု ရုံးချိန်းကို
သြဂုတ်လ ၃ ရက်နေ့သို့ ချိန်းဆိုထားပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီရပ်နားခဲ့ပါသည်။
ထိုကဲ့သို့ ယာယီရပ်နားခဲ့မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမား အများအပြား ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ကာ တက်ရောက်ခဲ့သော သတင်းသမားများစုစည်း၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီမှ သတင်း မီဒီယာများ အပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်၌ အချက် (၇)ချက် ပါဝင်ခဲ့ပြီး ထိုအချက်များမှာ-
(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန် ( မှတ်ချက်။ လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း စာပေစိစစ်ရေးမှ သြဂုတ်လ ၁ ရက်နေ့ညနေပိုင်းက အကြောင်းကြားခဲ့)
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်
(၆) မီဒီယာသမားများ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန် ဟူသည့်အချက်များဖြစ်ကြပါသည်။

ဩဂုတ်လအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်နိုင်ဟု မိုး/ဇလ ဆို



ယခုနှစ် ဩဂုတ်လ အတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအား ကောင်းလာ ကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ မိုးလေဝသ ပညာရှင် ဦးထွန်း လွင်က“ မြန်မာနိုင်ငံကိုတော့ မိုး ကြိုနဲ့မိုးလွန်ကာလတွေမှာ မုန်တိုင်း ဝင်တာများတယ်။ ဩဂုတ်လမှာ တော့ မုန်တိုင်းဖြစ်ဖို့ အလား အလာ နည်းပါတယ်။ ဖြစ်ချင်လည်းဖြစ် မှာပေါ့။ မြန်မာနိုင်ငံ ကိုတော့ ဝင်ဖို့ နည်းပါတယ်”ဟု Venus News Weekly သို့ ပြောကြား သည်။

မြန်မာနိုင်ငံနှင့် နီးစပ်သည့် ဘင်္ဂလားပင်လယ်အော်တွင် နှစ်စဉ် မိုးကြိုနှင့် မိုးလွန်ကာလများတွင် မုန်တိုင်းလေးလုံး ခန့်ဖြစ်ပွားလေ့ရှိ သော်လည်း ယခုနှစ်တွင် မုန်တိုင်း တစ်လုံးမှဖြစ်ပွားခြင်း မရှိ သေးကြောင်းသိရသည်။ ယခုနှစ် မိုးကြို ကာလတွင် မုန်တိုင်းဖြစ်ပွားခြင်း မရှိကြောင်း၊ ရာသီဥတုအပြောင်း အလဲကြောင့် မိုးတွင်းကာလတွင် လည်း မုန်တိုင်း မဖြစ်နိုင်ကြောင်း၊ မိုးလွန်ကာလဖြစ်သည့် အောက်တို ဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပေါ် နိုင်ကြောင်း ဦးထွန်းလွင်က အင် တာဗျူးတစ်ခုတွင် ပြောကြားထား သည်။

မြန်မာနိုင်ငံသို့ ၂၀ဝ၆ ခုနှစ်မှ စတင်ကာ မုန်တိုင်းများ နှစ်စဉ် ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပေါ် ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ သုံးသိန်းခန့် သေဆုံးခဲ့ သည်။

ပခုက္ကူက ဦးအောင်သိန်းလင်း ဆန့် ကျင်ရေးဆန္ဒပြရေး မကွေးတိုင်း ရဲတပ်ဖွဲ့ ကို စာတင်။

ရုပ်/သံ ကြည့်ရှူရန်





ရပ်ဆိုင်းခံထားရတဲ့ဂျာနယ် တွေ ပြန်လည်ထုတ်ဝေခွင့်ပေးဖို့ တောင်းဆို




ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ လိုက်လျောညီထွေ ဖြစ်စေပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်တွေကို မြှင့်တင်နိုင်စေရေးအတွက် သတင်း မီဒီယာနဲ့ စာနယ်ဇင်းတချို့အပေါ် လတ်တလော အရေးယူနေတာတွေကို ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီရဲ့ နာယက စာရေးဆရာ မောင်ဝံသက ယခုလိုပြောဆိုထား ပါတယ်။

"တိုင်းပြည်က ကမ္ဘာ့အလယ်မှာ မျက်နှာ ထယ်ထယ်ဝါဝါနဲ့ ရှိရမဲ့အချိန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်နေတဲ့အချိန်၊ ကြိုးစားနေကြတဲ့ အချိန် ဒီလိုအချိန်မျိုးမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အထင်မှားစရာ ထိပါးစရာ မဖြစ်သင့်ဘူး။ အထူးသဖြင့် ဒီလို ဂျာနယ်တွေကို အရေးယူတာမျိုး၊ တရားစွဲတာမျိုး အဲလိုအရေးယူတဲ့ ပုဂ္ဂိုလ်တွေ ပြန်ပြီး စဉ်းစားသင့်တယ်။ နိုင်ငံတော် သမ္မတကြီးက နေပြီးတော့ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကိုလည်း ဒီလို ပိတ်ပင်မှုတွေ၊ အရေးယူမှုတွေက အဟန့်အတား ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒါမျိုးတွေကို ပြန်ပြီးတော့ ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ အဲဒီလိုတောင်းဆိုတာပါ"

အလားတူ ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ပြည်တွင်း ဂျာနယ်တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေ စုပေါင်းပြီး သတင်း လွတ်လပ်ခွင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းခံ ထားရတဲ့ ဂျာနယ်တွေကို ချက်ချင်း ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ယခုလိုပြောပါသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက The Voice နဲ့ Envoy ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အကန့်အသတ် မရှိဘူး။ အဲအတွက်ကြောင့် မီဒီယာသမားတွေ အနေနဲ့ ဒီလိုမျိုး တဖြည်းဖြည်း ထိန်းချုပ်ပြီးတော့ ပိုပြီးတော့ တင်းကျပ်လာတဲ့ ဥပဒေ အောက်ကနေပြီးတော့ ဘယ်လိုရှင်သန်နိုင်မလဲ ဆိုတာကို အခြေရှာဖို့ အတွက် ဒီနေ့ မီဒီယာသမားတွေအားလုံး တွေ့ဆုံပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်"

အဲဒီ အခမ်းအနားမှာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရတဲ့ ဂျာနယ်တွေကို ချက်ချင်း ထုတ်ဝေခွင့်ပြုဖို့ အပါအ၀င် အချက် (၇) ချက်ပါ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေငြာချက်မှာ ပြုပြင်ပြောင်းလဲမှုကို နောက်ပြန်ဆွဲနေတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပေးဖို့နဲ့ ၁၉၆၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ပုံနှိပ်မီဒီယာ ဥပဒေတွေကို ရုပ်သိမ်းဖို့ စတဲ့ အချက်တွေ ပါဝင်ပြီး ပြည်တွင်း သတင်းသမား (၉၀) ကျော် က သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီကြေညာချက်ကို မကြာခင် ရက်ပိုင်းအတွင်း သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေကို ပေးပို့မယ်လို့ သိရပါတယ်။ ဒါ့အပြင် သြဂုတ်လ (၄) ရက်နေ့မှာ မြန်မာ ဂျာနယ်လစ် ကွန်ရက် အဖွဲ့ဝင်တွေက “မီဒီယာ ဖိနှိပ်မှု ချက်ချင်းရပ်” စာတမ်းပါ တီရှပ်တွေကို ဝတ်ဆင်ပြီး ဆန္ဒ ထုတ်ဖော် သွားမယ်လို့လည်း သိရပါတယ်။

"ကနောင်မင်းသားလိုစိတ်ဓါတ် ဆက်လက်မွေးမြူကြ"


၂-၈-၂၀၁၂ နေ့သည် ကနောင်မင်း သားကြီးလုပ်ကြံခံရသော  ( ၁၄၆ )နှစ်မြောက်နေ့ဖြစ်သည် ။အကယ်၍  ကနောင်မင်းသားကြီးသာ  လုပ်ကြံ မခံရပါက မြန်မာ့သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲ သွားနိုင် စရာကြောင်း ရှိသည်။
ကုန်းဘောင်မင်းဆက်ကို ထူထောင်ကာ မန္တလေးရတနာပုံ နေပြည်တော် ၌ မင်းလုပ်စိုးစံခဲ့သူ မင်းတုန်းမင်း၏ ဖအေတူ မအေကွဲ မင်းသားကြီး ကနောင် မင်းသားဖြစ်၏။ မင်းတုန်းမင်းနှင့်ကနောင်မင်းသားကြီးသည် နိုင်ငံ့ ကဏ္ဍများကို လက်တွဲ တာဝန်ယူအုပ်ချုပ်ခဲ့၏။ ကနောင်မင်းသားက စစ်ရေး စစ်ရာနှင့် အုပ်ချုပ်ပြူပြင်ပြောင်းလဲရေးကို တာဝန်ယူ၍ ဘုရင့်တာဝန်ကို ပူးတွဲ ထမ်းဆောင်ခြင်းဟု ဆိုနိုင်သည်။ ကနောင်မင်းသား၏ အရည်အသွေး များအရ မင်းတုန်းမင်း၏ အရိုက် အရာကို ဆက်ခံမည့်သူဟု သတ်မှတ်ထား ကြသဖြင့် မင်းတုန်းမင်း၏သားတော်များက မလိုမုန်းထားရှိကြ၏။ ကနောင် မင်းသား၏ နန်းဆောင်သည် ခမ်းနားထည်ဝါလှသဖြင့် ဘုရင့်၏ နန်းဆောင် နှင့်ပင်နှိုင်းယှဉ်လောက်၏။ ကနောင်မင်းသားသည်
ခေတ်မှီသိပ္ပံပညာ ကို အလွန် စိတ်အားထက်သန်သဖြင့် အနောက်နိုင်ငံများမှ သိပ္ပံပညာများကို မြန်မာပြည်တွင် လေ့လာဆည်းပူးစေ၏။ ပြုပြင်ပြောင်းလဲမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအနေဖြင့် မင်းတုန်းမင်းနှင့် ကနောင် မင်းသားတို့ သည် နန်းတွင်းလူငယ်အချို့ ကို ပညာသင်စေလွှတ်ခဲ့၏။ ထို့ ကြောင့် အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့ အထိ ပညာတော်သင်များ
သွားရောက်ကြ၏။ ကနောင်မင်းသားသည် လက်နက်စက်ရုံများ ထူထောင်ကာ ရိုင်ဖယ် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ခဲ့၏။ ရေမြှုပ်ဗုံးကို အောင် မြင်စွာ စမ်းသပ်ခဲ့၏။
ရေကန်ထဲတွင် ရေမြှုပ်ဗုံး စမ်းသပ်စဉ် ငါးများသေကြေ ပျက်စီးသည်ကိုမြင်သဖြင့် မင်းတုန်းမင်းက ဘာသာရေးအရ ရေမြှုပ်ဗုံးထုတ် လုပ်ခွင့်ကို တားမြစ်ခဲ့၏။ကနောင်မင်းသားသည် စည်းစနစ်ကျနသော အမြဲတမ်းစစ်တပ်တစ်ခုကို ဖွဲ့ စည်းတည်ထောင်ရာလည်း စီစဉ်ခဲ့၏။ မင်းတုန်းမင်းက ကနောင်မင်းသားကို ထီးမွေနန်းမွေ ပေးမည်ဟု
လျာထားခြင်းကို မင်းတုန်းမင်း၏ သားတော် မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားတို့ က မကျေနပ်ကြသဖြင့် ကနောင် မင်းသားကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။ ကနောင် မင်းသားကြီး အလုပ်ကြံခံရခြင်း သည် ခေတ်မှီနိုင်ငံတောင်ထူထောင်ရန် အရှိန်ယူနေ သာ မြန်မာနိုင်ငံတော်အတွက် အလွန်နစ်နာလှသည်။
ဗြိတိသျှတို့ ကနောင်မင်းသားက(War Prince)ဟု ခေါ်ဝေါ်ကြသည့်အထိ ကနောင်မင်းသား၏ ခေတ်မှီလက်နက်များတပ်ဆင်ထားသော စည်စနစ်ကျနသည့် တပ်မတော်စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ လျှင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းနိုင်ရန် ယခုလောက် လွယ်ကူလိမ့်မည်မဟုတ်ဟုဆိုခဲ့၏။

တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်



ဒေါ်အောင်ဆန်းစုကြည် က ပြင်ဆင်ရန် ဆွေးနွေးသော   ရေးဆွဲပြီးသား ၂ဝ၁၂ ခုနှစ် တက္ကသိုလ်  ပညာရေး ဥပဒေကြမ်း  ကို ဆွေးနွေးခြင်း  ရွှေ့ဆိုင်း ပြီး လွှတ်တော်မှ ပြန် လည်ရေးဆွဲရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြော ကြားလိုက်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ”ဒီဥပဒေကြမ်းကို ကျွန်မ အင်မတန် မှ စိတ်ဝင်စား ခဲ့တာကြောင့် လွှတ်တော်ကို စတက်ကတည်းက ဥက္ကဋ္ဌကြီးကို ပြည်သူ့လွှတ်တော် ဥပဒေ ၁ဝ(ခ)အရရော၊ ပြည်သူ့ လွှတ်တော်နည်း ဥပဒေ ၁၅၈ (င)အရ ရော တင်သွင်းခဲ့ပါတယ်။ ဥပဒေ ကြမ်းတစ်ခုကို မည်သည့်အဆင့် ရောက်စေ ကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ အဆိုတင် သွင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင် ချက်ဇယားအရပဲ ပြင်ဆင်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မလုံလောက်ပါဘူး။ တက္ကသိုလ် ပညာရေး နဲ့ပတ်သက်လို့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ပြည်သူ့လွှတ်တော်ရုံး က နောက် ကျ သွားပြီဆိုတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီဥပဒေ တစ်ခု လုံးကို ပြန်လည်သုံးသပ်ဆေ
ွး နွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ဒီလို ပြည်သူ့ လွှတ် တော်ဥပဒေအရ၊ နည်းဥပဒေအရ ဖြစ်နိုင်ရင် ဥပဒေ တစ်ခုလုံးကို ပြန် လည်ဆွေးနွေးပြီးတော့ ဒီနိုင်ငံ၊ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီး သင့်တော်တဲ့ ဥပဒေကြမ်း တစ်ခု ဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒေါ်အောင် ဆန်းစုကြည်၏ တင်ပြချက်ကို လွှတ်တော်မှ အကောင်အထည် ဖော်ပေးမည်ဆိုပါက နည်းဥပဒေ ၁၅၈ အရ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေ ကို ရွှေ့ဆိုင်းပေး ရန် ကြားဖြတ် အဆိုတင်သွင်းသည်။ ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်တင်နွယ်ဦးက လက်ရှိဆွေးနွေး ပြီးသော အဆိုပါ ဥပဒေကို ကန့် ကွက်ကြောင်းနှင့် သူရဦးအောင်ကို ကလည်း ပညာရေးဝန်ကြီးဌာန၏ တင်သွင်းလာသော ယင်းဥပဒေ သည် ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိသော ကြောင့် ပယ်ဖျက် သင့်ကြောင်း ပြော ကြားဆွေးနွေးခဲ့သည်။ ”မြန်မာနိုင်ငံ တက္ကသိုလ်များ ကို အစိုးရထိန်း ချုပ် သော ဗျူရို ကရေစီယန္တရားပုံစံ သွင်းခဲ့တာ ကြောင့် တစ်ချိန်က အာရှမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ ပညာရေးဟာ အဆင့်အနိမ့်ဆုံး အခြေအနေ ရောက်နေသည်မှာ နှစ်ပေါင်း ၅ဝ ခန့် ကြာမြင့်ပြီဖြစ်ပါ တယ်။ ဒါကြောင့် ပယ်ဖျက် သင့်ကြောင်း အလေးအနက်တင်ပြရ ခြင်း ဖြစ်ပါတယ်” ဟု သူရဦးအောင် ကိုက ဆိုသည်။ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက ယင်းဥပဒေ အား ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးစေချင်ကြောင်းနှင့် ၄င်းတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ စံချိန်မီ တက္ကသိုလ်များ အဆင့်မီစေရန် ကြိုးစားသွား မည် ဖြစ်ကြောင်း ပြောသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေကို ပြည်သူ့ လွှတ်တော်မှ ပြန်လည်ရေး ဆွဲမည် ဖြစ်ကြောင်း၊ ပြန်လည်ရေး ဆွဲသည့် အခါ လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးလေ့လာ သုံးသပ်ရေး ကော်မ ရှင်ရှိကြောင်း ပြောကြားသည်။ ယခု တင်သွင်းဆွေးနွေးနေ သော ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ၁၉၄၇ ခုနှစ် ဆိုရှယ်လစ် စနစ်ကို အထောက် အကူပြုခဲ့သောဥပဒေကို အနည်းငယ် ပြင်ဆင် ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အတိအလင်းပြော ကြားခဲ့သည်။

KIA စစ်ဆင်ရေးအခြေအနေ လိမ်တင်ဟုဆို



အစိုးရ တပ်ဖွဲ့အား စစ်ဆင်နေသောထဲ၌ ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့ တချို့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။ “ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့ တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ မော်တာတွေ ၊ အာပီဂျေတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ ကျွန်တော်တို့ တပ်ဖွဲ့တချို့ဟာ တော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။ သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ
့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း စခန်းအခြေအား မိုင်းထောင်ကာ ရိက္ခာဖြတ်နည်း ၊ မော်တာများဖြင့် အကြိမ်ကြိမ် ပစ်နေခြင်း ၊ ရဲဘော်သစ်များနှင့် ရှမ်းစစ်သည်များအား ဘိန်းနှင့် အရက်တိုက်ကာ အတင်းတိုက်စေခြင်းအပြင် ပြန်လည်ဆုတ်ခွါလာပါက စက်သေနတ်များဖြင့် စောင့်ဆိုင်း ပစ်သတ်နည်းများဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။ “သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်ပုံ မရဘူး အေးအေးဆေးဆေး တတ်လာတယ် ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။ တဖန် ဗဟိုရှိ ကွန်ပျူတာ ဌာနမှ အရာရှိငယ်တစ်ဦးကလည်း ' ကျွန်တော်တို့ တတ်လာသမျှ အစီရင်ခံစာတွေ လက်နက်တောင်းတဲ့ ဟာတွေ စစ်ကူတောင်းတဲ့ ကြေးနန်းတွေ ကို ဖတ်နေမိတိုင်း အိမ်မှာ ဖမ်းမိထားပြီး မစားသေးပဲ ကိုင်မြောက်လိုက် ရိုက်ချလိုက် အမြီးကိုဖိထားပြီးပြေးခိုင်းလိုက်နဲ့ ဖတ်ဖတ်မောနေတဲ့ ကြွက်တစ်ကောင် လို ခံစားရတယ် " လို့ တိုးတိုးတိတ်တိတ် ရင်ဖွင့်လာပါသည် ။အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။ ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပြီး ကေအိုင်အိုဘက်မှ ကချင်တိုင်းရင်းသားစစ်သည် ၁၇၀ ကျော် ကျဆုံးပြီး ၁၂၆ ယောက်ပျောက်ဆုံးကာ ၂၃၂ ယောက် ဒဏ်ရာရနေပါသည် ။ ကေအိုင်အေ စစ်သည်များထဲမှ ရှမ်းစစ်သည် ၃၀၀ ကျော် ကျဆုံးခြင်းပျောက်ဆုံးခြင်းအပြင် ၆၀၀ ကျော် ဒဏ်ရာရထားပါသည် ။ ဒါကြောင့် လက်အောက်စစ်သည်များမှ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှူကို လက်ခံစေလိုကြောင်း အထက်အရာရှိများကိုပင် အာခံပြောကြားလာတာကြောင့် ကေအိုင်အေ အနေဖြင့် ယခုအချိန် လွန်စွာ စိုးရိမ်စရာကောင်းနေပါကြောင်း ဗဟိုမှ ဗိုလ်မှူးတစ်ဦးက လည်း ပြောကြားသွားပါသည် ။

www.kachindailynewsblogspot.com

အချိုးကျကိုယ်စားပြုရွေးကောက် ပွဲ စနစ်လေ့လာရန်ပါတီ ကိုယ်စား လှယ် များ အားဒေါ် အောင်ဆန်းစု ကြည် ညွှန်ကြား


အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ စနစ် ပြောင်းလဲရန် တင်ပြထားသည့် ကိစ္စအား ကြိုတင် လေ့လာထား ရန် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ ပါတီကိုယ်စားလှယ် များကို အဖွဲ့ချုပ် သီးသန့် အစည်းအဝေးတွင် ပြောကြား လိုက်ကြောင်း သိရသည်။ PR(Proportional Representation ) နှင့် ပတ်သက်၍ ဒီမို ကရက်တစ်ပါတီ ၁ဝ ပါတီနှင့် နိုင် ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တို့နှင့် တွေ့ ဆုံပြီး သည့်နောက် ပိုင်းတွင် အဖွဲ့ချုပ် အနေဖြင့် ကြိုတင် လေ့လာမှု များ ပြုလုပ်ထားရန်နှင့် လွှတ်တော်တွင် အဆိုတင်သွင်း မှုများ၊ မေးမြန်းတင်သွင်းချက်များနှင့် ဆက်စပ်၍ သတိထား လုပ်ဆောင်သွား ကြရန် ၄င်းက တိုက်တွန်းပြောကြား ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောသည်။ ”သမ္မတနဲ့ ၁ဝ ပါတီ တွေ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားလဲ။ ကိုယ့် ဟာကိုယ်ရှာ။ ဘယ်နိုင်ငံမှာ အဲဒါမျိုး တွေရှိလဲ၊ ဘာကြောင့်ရှိသလဲ၊ ဒီမှာ လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား၊ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဆွေးနွေး ထားဖို့ ပြောပါတယ်။ PR ကို ရ
တဲ့မဲအပေါ်မှာ မူတည်ပြီး ကိုယ် စားလှယ်တွေ သတ်မှတ်ဖို့ဆိုရင် ဘယ်သူတွေ နစ်နာမလဲ၊ ဘာလို့ အဲလိုတင်ရတာလဲ။ ပါတီအနေနဲ့ နစ်နာမှု ရှိနိုင်မလားလို့ ဥက္ကဋ္ဌက ကျယ်ကျယ်ပြန့်ပြန့် ပြော သွားပါ တယ်”ဟု ၄င်းက ပြောသည်။”ထောက်ခံဆွေးနွေးမယ့် အချက်တွေ ခိုင်မာရဲ့လား၊ မှန်ကန်ရဲ့လား၊ တိကျ ရဲ့လား သတိထား ဆောင်ရွက်ဖို့ပြောပါတယ်။ ပြီးတော့ ဆွေးနွေးခါနီး အချင်းချင်းတွေ့ဆုံညှိ နှိုင်းထားဖို့ကိုပါ ပြောထားပါတယ်” ဟု ၄င်းက ထပ်လောင်းဆိုသည်။ ထို့အပြင်မဲဆန္ဒနယ်မြေမှ ခရိုင်၊ မြို့နယ်၊ ထွေ/အုပ်၊ ရဲမှူး များနှင့် တွေ့ ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စများကို ဆရာမလုပ်ဘဲ ပို ကောင်းအောင်ကူညီဆောင်ရွက်သွားရန်၊ မြို့နယ် အစည်း အဝေးများ တက်ရောက် ရန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်း နှင့် ပတ်သက်၍ ကိုယ်စားလှယ်များ အပေါ် ထောက်ခံခြင်း၊ ရှုတ်ချခြင်းမရှိဘဲ မိမိ အခွင့်အရေးကို မိမိတာဝန် ယူရန် ပြောကြား ခဲ့ကြောင်း သိရသည်။ ”ကျွန်တော့်အမြင် ပြောရရင် PR စနစ်ဟာ အင်အားကြီးတဲ့ပါတီ ကြီးတွေလောက်ပဲ အကျိုးများမယ်။ ပါတီငယ်တွေ အကျိုးနည်းလိမ့်မယ် ထင်ပါတယ်။ ဒီစနစ်ကို လုပ်မယ်ဆို ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရ လိမ့်မယ်။ ဖွဲ့စည်းပုံမပြင်ဘဲ PR ဖြစ် မလာနိုင် ဘူး။ နိုင်ငံအတွက် အကျိုး ဖြစ်မယ့် ဆုံးဖြတ်ချက် တွေ မှာ ပြတ်ပြတ် သားသားဖြစ်မလာနိုင်ဘူး။ PR ဟာ လက်ရှိကျင့်သုံးနေတဲ့ စနစ် လောက် အကျိုးမရှိနိုင်ဘူးလို့ ထင်ပါ တယ်”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။ ထို့အပြင် ဒီချုပ်ပါတီမှ လွှတ်တော် ကိုယ်စား လှယ်များ သက်တမ်း ရက် ၁ဝဝ ပြည့်တွင် ကိုယ်စား လှယ် အသီးသီးမှ လုပ်ဆောင်ချက်များ တင်ပြရမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားထားကြောင်း သိရသည်။”ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေ အတွက် လူမှုရေး၊စီးပွားရေးတွေကို ဘာတွေ ဖြေရှင်းပေးခဲ့ပြီးပြီလဲ၊ ဘယ်လို အကျိုးဆောင်ရွက်မှုတွေ လုပ်ပေး ခဲ့ပြီးပြီလဲဆိုတာကို Report တင်ဖို့ ဥက္ကဋ္ဌက ပြောထားပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအုန်းကြိုင်က ပြောသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ တွင် ဒီချုပ်ပါတီ ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် ကိုယ်စား လှယ် သက်တမ်းရက် ၁ဝဝ ပြည့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရက် ၁ဝဝ သက်တမ်းအတွင်း မဲဆန္ဒရှင် ပြည်သူများအတွက် လုပ်ဆောင်ချက် များကို သြဂုတ်လ ၉ ရက် နောက်ဆုံး ထားတင်ပြသွားရ မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။