Friday, August 10, 2012

"ကချင်နှင့် ချင်းပြည်နယ်တွင် ငလျင်ကြီးများ ထပ်မံလှုပ်ဖွယ် မရှိ"


ကချင်နှင့်ချင်းပြည်နယ်တို့တွင်အင်အားပြင်းငလျင်ကြီးများထပ်မံလှုပ်ခတ်ဖွယ်မရှိကြောင်းမြန်မာနိုင်ငံငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ မြန်မာနိုင်ငံသည် အာရှနှင့် ဥရောပကို ဖြတ် သန်းတည်ရှိသည့် အယ်လ်ပိုက်ငလျင်ကြောပေါ်တွင် တည်ရှိသော်လည်း ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ငလျင်ငယ် များမှာ အိန္ဒိယပြတ်ရွေ့နှင့် စစ်ကိုင်းပြတ်ရွေ့များ လှုပ်ရှားမှု ကြောင့် သာဖြစ်ကြောင်း၊ ငလျင်သဘောသဘာဝအရ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ပြီးပါက အင်အားပြင်းငလျင်များလှုပ်ခတ်လေ့ ရှိကြောင်း၊ သို့ရာတွင် ယခု ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဇူလိုင်နောက်ဆုံးအပတ်နှင့် သြဂုတ် လဆန်းပိုင်းကလှုပ်ခတ်ခဲ့သော ငလျင်ငယ်များမှာ နေရာတစ်ခု တည်းကို ဗဟိုပြု၍ မကြာခဏလှုပ်ခတ်နေခြင်း မျိုးမဟုတ်ဘဲနေရာဒေ သခြား၍ လှုပ်ခတ်ခြင်းဖြစ် သည့်အတွက် အင်အားပြင်းငလျင်များ ထပ်မံ လှုပ်ခတ်နိုင်မည် မဟုတ်သော်လည်း ထိုငလျင် ငယ်များကြောင့် တောင်ပြို ကျမှုနှင့် မြေပြိုကျမှုများ အချိန်မရွေး ဖြစ်ပေါ် နိုင်သည့်အတွက် ထိုဒေသ တွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင် ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။ ”အခု ဖြစ်နေတာတွေက ငလျင်ငယ်လေးတွေပဲ၊ ငလျင်ကြီး တွေနဲ့ ဆက်စပ်မှုမရှိတဲ့အပြင် အဆောက်အအုံတွေပြို ကျနိုင်လောက် တဲ့အခြေအနေလည်းမရှိဘူး။ ဒါပေမဲ့ အခုငလျင် လှုပ်တဲ့နေရာတွေက တောင်ပေါ်ဒေသတွေဖြစ်နေတဲ့အပြင် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေတဲ့နေရာတွေ ဖြစ်နေတဲ့ အတွက် တောင်ပြို ကျတာတို့၊ မြေပြိုတာတို့ဖြစ်နိုင်တယ်။ အထူးသဖြင့် ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသတွေ မှာ နေထိုင် တဲ့သူတွေအနေနဲ့ ပိုသတိထားသင့်တယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။ကချင်ပြည်နယ်အတွင်း ဟိမဝန္တာနှင့် အာရှတိုက်၏ မြေထုချပ်ချင်းတိုက်ရိုက် တိုက်သည့်ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်သောငလျင်ပြတ်ရွေ့နှင့် စစ် ကိုင်းပြတ်ရွေ့တို့ရှိနေသည့် အတွက် ငလျင်ငယ်များ မကြာခဏလှုပ်လေ့ ရှိသော်လည်း ငလျင်ကြီးများမှာ နှစ်တစ်ရာဝန်းကျင်ခန့်မှသာ တစ်ကြိမ် လှုပ်လေ့ရှိကြောင်း၊ ငလျင်မှတ်တမ်းများအရ တကောင်း-မြစ်ကြီးနား-ပူတာအိုငလျင်သည် ၁၉၉ဝ တွင် တစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ၁၉၄၆ ခုနှစ် က ကချင်ပြည်နယ် ကာမိုင်းမြို့နယ်၌ ၇ ဒသမ ၇၅ အဆင့်ထိ ငလျင် ကြီးလှုပ်ခတ်ခဲ့ကြောင်း၊ ယခုအခါ ကချင်ပြည်နယ်အတွင်း ငလျင်ကြီး မလှုပ်ခတ်သည်မှာ နှစ်ပေါင်း ၇ဝ ခန့်ရှိပြီဖြစ်သည့်အတွက် ငလျင်ကြီးများ လှုပ်ခတ်နိုင်သည်ကို လည်း မျက်ခြည်မပြတ် သတိပြုရန်လိုအပ်ကြောင်း ၄င်းကထပ်မံပြောသည်။

No comments:

Post a Comment